ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၀

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် သင်္ချာဘာသာရပ်ကို ဖြေဆိုကြခြင်းဖြစ်သည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။  

ကရင်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် သင်္ချာဘာသာရပ်ကို ဘားအံမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၁၇၅) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၁.၉၄ ရာခိုင်နှုန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၉၅) ဦး၊ ပျက်ကွက်သူ (၄၉) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၅.၇၆ ရာခိုင်နှုန်း၊ လှိုင်းဘွဲမြို့နယ်ရှိ စာစစ်ဌာန(၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၁၆) ဦး၊ ပျက်ကွက်သူ (၄၉) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၃.၄၉ ရာခိုင်နှုန်း၊ သံတောင်ကြီးမြို့နယ်ရှိ စာစစ်ဌာန(၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၃) ဦးတို့ ဝင်ရောက်ဖြေဆိုကြသည်။

ယင်းသို့ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ (စနေနေ့) နှင့် ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)တို့ကို ပိတ်ရက်အဖြစ် သတ်မှတ်ထားကာ မတ်လ ၁၃ ရက်နေ့ (တနင်္လာနေ့)တွင် ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။