ဟားခါး မတ် ၉
(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့၊ (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ အခမ်းအနားများ ကျင်းပခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို မိမိတို့ ချင်းပြည်နယ် အစိုးရအဖွဲ့ကသာ ပြုလုပ်ခြင်းမဟုတ်ဘဲ ပြည်ထောင်စုအဆင့်ကလည်း ပြုလုပ်ခဲ့ ပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် အခမ်းအနား (၃) ခုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ အနေဖြင့် အားနည်းချက်၊ အားသာချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြစေလိုကြောင်း၊ အားနည်းချက် သိမှ ပြုပြင်၍ရသလို ၎င်းအားနည်းချက်အပေါ်မှာ သင်ခန်းစာယူနိုင်မည်ဖြစ်ပြီး နောင်ကျင်းပပြုလုပ်မည့် အခမ်းအနားများတွင် ပိုမို၍ ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း အမှာစကား ပြောကြား သည်။
ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် လူမှုရေးရာ ဝန်ကြီး ဦးသန့်ဇင်နှင့် (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်တို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့၊ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထား သည့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့ ကော်မတီအလိုက် တွေ့ကြုံနေရသည့် အားနည်းချက်၊ အားသာချက်နှင့် အကြံပြုတင်ပြလိုသည့် အချက်များကို ပွင့်ပွင့်လင်းလင်း သုံးသပ်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အကြံပြု ဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)