တပ်ကုန်း မတ် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာပါရဂူ) ရေးသားထားသည့် “ကလေးကိုချစ်ရင် မခြောက်ပါနဲ့” စာအုပ်ကို ယနေ့ မွန်းလွဲ ၂နာရီခွဲက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
စာဖတ်ပိုင်းတွင် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)တို့က စာပေဝါသနာပါသူများနှင့်အတူ “ကလေးကို ချစ်ရင်မခြောက်ပါနဲ့” စာအုပ်တွင်ပါရှိသည့် ကလေးဘဝမှာသင်ယူတာပျော်စရာဖြစ်မယ်၊ ကလေးတို့ပတ်ဝန်းကျင်၊ ကလေးတို့၏ခံစားချက်ကို နားထောင်အသိအမှတ်ပြုခြင်း၊ ချီးမွမ်းအသိအမှတ်ပြုခြင်း၊ တစ်ဦးနှင့်တစ်ဦးနှိုင်းယှဉ်ခြင်းခေါင်းစဉ်များနှင့် အခြားဗဟုသုတများအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်