ခရမ်း မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝန်လေးဝနှင့် ရေကျော်ကျေးရွာတို့၌၊ ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ် ကရင်စုကျေးရွာအုပ်စု ဝန်လေးဝကျေးရွာ၌ ဂဝံလမ်း၊ ၁.၀၃ မိုင်၊ Box Culvert သုံးစင်းအား ပြည်ထောင်စုရန်ပုံငွေ ၁၁၂.၇ သန်းဖြင့် တင်ဒါအောင် Supersynergy power ကုမ္ပဏီမှလည်းကောင်း၊ ရေကျော်ကျေးရွာအုပ်စု၊ ဝင်းဖလိန်ကျေးရွာ၌ မြေသားလမ်း+ဂဝံလမ်း ၁.၂၆ မိုင်၊ BoxCulvert တစ်စင်းအား တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေ ၂၇၅.၃၂၈ သန်းဖြင့် တင်ဒါအောင်ပြည့်ထူးလျှံ ကုမ္ပဏီမှလည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းခွင်သို့ ယမန်မွန်းလွဲ ၂ နာရီကသန်လျင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်၊ အင်ဂျင်နီယာဝန်ထမ်းများ၊ အရည်အသွေးစစ်ဆေးရေး(QC)အဖွဲ့တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ချိန်ပြီးစီးစေရေး ရေရှည်တည်တံ့ခိုင်မြဲစေရန် စေတနာအရင်းခံအလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းပြီးစီးသွားပါက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီးသွားလာရေး အဆင်ပြေကာတောင်သူများ၏ စိုက်ပျိုးထားသော လယ်ယာထွက်ကုန်၊ စပါး၊ ပဲ၊ နေကြာနှင့် အခြားသီးနှံကုန်ပစ္စည်းများကို ဈေးကွက်အတွင်းသို့ အချိန်နှင့်တစ်ပြေးညီ လွယ်ကူအဆင်ပြေစွာတင်ပို့ ရောင်းချနိုင်မည်ဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဟု သိရသည်။
ကိုမင်း ( ခရမ်း )