ထန်းတပင်(ရန်ကုန်) မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(၃၀)ခုကို ကျေးရွာပေါင်း(၂၂)ရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ထန်းတပင်မြို့နယ်အနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေနဲ့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းက(၇)ခု၊ တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေနဲ့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းက(၂၃)ခု စုစုပေါင်းကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း(၃၀)ခုကို ကျေးရွာ(၂၂)ရွာတို့မှာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးတော့ လက်ရှိဖွံ့ဖြိုးရေးလုပ်ငန်း(၂၁)ခုက ရာနှုန်းပြည့်ပြီးစီးနေပါပြီ ကျန်ရှိနေတဲ့ဖွံ့ဖြိုးရေးလုပ်ငန်း(၉)ခုကိုတော့ ဒီမတ်လဒုတိယအပတ်မှာ ရာနှုန်းပြည့်ပြီးစီးအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းဦးကြည်ကပြောသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တပွန်ကျေးရွာ၊ ရေပေါ်သောင်ကျေးရွာ၊ သဘော့ချောင်းကျေးရွာ၊ ဖိုးပြားကုန်းကျေးရွာနှင့်အနောက်တပွန်ကျေးရွာတို့တွင် ကျေးရွာရေကန်ခြံ စည်းရိုးကာရံခြင်းလုပ်ငန်း(၅)ခု၊ ပက်အင်းကလေးကျေးရွာနှင့်ကြို့ပင်ဝိုင်းကျေးရွာတို့တွင်ကျေးရွာရေသန့်စင် စနစ်တည်ဆောက်ခြင်းလုပ်ငန်း(၂)ခု၊ လက်ကြပ်ကျေးရွာ၊ ထိန်ကုန်းကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ လသာကျေးရွာ၊ မောသော့ကုန်းကျေးရွာနှင့် ဖိုးပြားကုန်းကျေးရွာတို့တွင် ကျေးရွာမြေသားရေကန်အသစ်တူးခြင်း လုပ်ငန်း(၆)ခု၊ ပက်အင်းကလေးကျေးရွာ၊ ဘောလည်ကျေးရွာ၊ ကန့်လန့်ကုန်းကျေးရွာ၊ ဒေါ့ချိတ်ကျေးရွာ၊ ဝါးတရာကျေးရွာ၊ ရေတွင်းကုန်းကျေးရွာနှင့် လမုကျေးရွာတို့တွင် ကျေးရွာတွင်းနက်တူးဖော်ခြင်းလုပ်ငန်း(၇)ခု၊ ပက်အင်းကလေးကျေးရွာနှင့် အိမ်လေးလုံးကျေးရွာတို့တွင် ကျေးလက်ကုန်ထုတ်မြေသားလမ်းခင်းခြင်းလုပ်ငန်း(၂)ခု၊ ထိန်နှစ်ပင်ကျေးရွာ၊ ပက်အင်းကလေးကျေးရွာနှင့် ရေဖြူကျေးရွာတို့တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း (၃)ခု၊ ရေပေါ်သောင်ကျေးရွာ၊ ဝါးတရာကျေးရွာ၊ ထိန်နှစ်ပင်ကျေးရွာနှင့်ရေဖြူကျေးရွာတို့တွင် ကုန်ထုတ်ဂဝံလမ်းခြင်းလုပ်ငန်း(၄)ခုနှင့် အိုင်ကြီးကျေးရွာတွင် ကျေးရွာအမြင့်တင်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း(၁)ခု စုစုပေါင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(၃၀)ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)