လိပ်သို မတ် ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သံမိုးတောင်ကျေးရွာ ဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြရာ ရှေးယခင်က အလေ့အကျအပင်များနှင့် ဘိုးဘေးဘီဘင်များ စိုက်ပျိုးထားခဲ့သော နှစ်ရှည် သီးနှံဖြစ်သည့် မန်ကျည်းပင်များသည် ယခုနှစ်တွင် မန်ကျည်းသီးများ အသီးအထွက်နှုန်း ကောင်းမွန်ကာ ဈေးကောင်းလည်းရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“မန်ကျည်းပင်က တစ်နှစ်မှာတစ်ကြိမ်ပဲ ဆွတ်ခူးရောင်းချလို့ရတဲ့ နှစ်ရှည်သီးနှံ ဖြစ်ပေမဲ့ ရာသီဥတုအခြေအနေ ကောင်းရင်ကောင်းသလို အသီးအထွက်နှုန်းကောင်း၍ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရရှိပါတယ်၊ ဒီနှစ်ဆိုရင် မန်ကျည်းသီးမှည့် ဆွတ်ခူးရောင်းချရာမှာ လည်း ဈေးကောင်းရရှိပါတယ်။ မန်ကျည်းသီးအစေ့ပါ တစ်ပိဿာကို ကျပ်(၁၅၀၀) ဈေးနဲ့ရောင်းချ နေရပြီး အစေ့လွတ်တစ်ပိဿာကို ကျပ်(၃၀၀၀) ဈေးရရှိလို့ ကျွန်တော်တို့အတွက် တွက်ခြေကိုက်တယ်လို့ ဆိုရမပေါ့ ” ဟု သံမိုးတောင်ကျေးရွာနေ ပြည်သူတစ်ဦးထံမှ သိရသည်။
ကျေးရွာအတွင်းရှိ မန်ကျည်းပင်ပိုင်ရှင်များနှင့် အဝယ်ဒိုင်များက မန်းကျည်းသီးမှည့် အတောင့်များကို အနှစ်သာရရှိအောင် ထုချေအစေ့ထုတ်ရပြီး ရရှိလာသောအနှစ်သားများကို သိပ်သည်းအောင် ဖိနှိပ်ကာ အလုံး၊ လေးထောင့်အတုံးပုံစံများပြုလုပ်ပြီး ထုပ်ပိုးကာ လိပ်သိုမြို့ပေါ်နှင့် ဒေသတွင်း ကျေးရွာများသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်းနှင့် ကျေးရွာပြည်သူ များအနေဖြင့် အလုပ်အကိုင် ရရှိကာ မိသားစုအပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)