ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကျင်းပ

တာမွေ မတ် ၁၀

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးသွားလာရာတွင် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲ (၃/၂၀၂၃)ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသော မီဒီယာများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ‌YBS ယာဉ်လိုင်းများမှ ယာဉ်များအား တစ်ဦးချင်း ပိုင်ယာဉ်များမှ အများပိုင်ယာဉ်များဖြစ်စေရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ‌‌YBS ခရီးသည်တင် ယာဉ်များ တစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်နေမှု များအား ဖမ်းဆီး၍ ပြစ်မှုပြစ်ဒဏ် ချမှတ်အရေးယူဆောင်ရွက်နေသည့် အခြေအနေများ၊ မော်တော်ယာဉ်များတွင် ဖောင်းကြွနံပါတ်ပြား အသစ်များဖြင့် လဲလှယ်တပ်ဆင်ပေးနေမှု အခြေအနေများ၊ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော City Taxi ယာဉ်များအား မှတ်ပုံတင် ဘေးစတေကာ နံပါတ်များ ပြောင်းလဲပြင်ဆင် ဆောင်ရွက်ပေးနေခြင်းနှင့် ခရီးသွားပြည်သူများအနေဖြင့် သင့်တင့်မျှတသောစျေးနှုန်းဖြင့် မြို့တွင်းခရီးသွားလာနိုင်စေရေးအတွက် City Taxi ယာဉ်များတွင် မီတာစက်တပ်ဆင်၍ ငွေပေးချေနိုင်ရေး စီစဉ်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီး မေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တာဝန်ရှိသူများက အသီးသီးပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ ဝန်ဆောင်မှု လုပ်ငန်းမျာနှင့်စပ်လျဉ်း၍ ပြည်သူများထံ အသိပေးရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)