နောင်ချို မတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားထားသည့် “မျိုးဆက်သစ်တိုးတက်ရစ်ဖို့(၃+၄)” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးပေါင်ခန့်လန်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ဦးကျော်သန်း၊ ဦးတင်အောင်သိန်းနှင့် ဦးမြို့ကျော် စသည့် Book Club အဖွဲ့ဝင်များက စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများအနက်မှ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုချင်းအလိုက် အကြောင်းအရာများကို မိမိတို့ ဘဝဖြတ်သန်းမှုတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများနှင့်ယှဉ်၍ ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကြောင့် မျိုးဆက်သစ်လူငယ်များ ငယ်ငယ်ကတည်းက ရိုးသားမှုကို လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ လူငယ်များ ဘဝအောင်မြင်လိုလျှင် မိမိကိုယ်ကို မလှည့်ဖြားမိဖို့ လိုအပ်ကြောင်း၊ အချိန်ကို တန်ဖိုးရှိရှိ သုံးတတ်သော အလေ့အကျင့်ကောင်းများ ထူထောင်ရ မှာဖြစ်ကြောင်းကို လူငယ်များအား ပြန်လည်မျှဝေပေးနိုင်မည့် အသိများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် မြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့၊ အမျိုးသမီးအသင်း (Women Club)၊ လူငယ်အသင်း (Youth Club) အဖွဲ့များနှင့် ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)