မိုင်းယု မတ် ၁၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ဆောင်းသီးနှံငရုတ်များ စတင်ခူးဆွတ်ရောင်းချလျက်ရှိရာ ငရုတ်အစပ်သီး တစ်ကီလိုလျှင် ကျပ် ၃၀၀၀ ခန့် ရရှိ၍ ခူးဆွတ် ရောင်းချနေရလျက် ရှိသည်။
မိုင်းယုမြို့တွင် ဒေသခံတောင်သူတို့သည် မိမိတို့၏ ယာမြေများတွင် ရာသီ သီးနှံများ ဖြစ်သည့် အစေ့ထုတ်ပြောင်းနှင့် ဖရုံကို စီးပွားဖြစ် အဓိက အများဆုံး အားထား စိုက်ပျိုး လျက်ရှိပြီး ပဲပုတ်၊ ပဲတောက်ရှည်၊ မြေပဲ၊ ကြက်သွန်၊ ငရုတ်နှင့် အခြားဟင်းသီးဟင်းရွက် များကို တစ်ပိုင်တစ်နိုင်သာ စိုက်ပျိုးထားကြကြောင်း၊ ပြောင်းနှင့် ဖရုံပြီးလျှင် ဒုတိယအများဆုံး စိုက်ပျိုးသည့် သီးနှံမှာ ငရုတ်ဖြစ်ပြီး မိုင်းယုတွင် ငရုတ်အစပ်မျိုးကိုသာ ရွေးချယ် စိုက်ပျိုးလျက်ရှိရာ ယခုလက်ရှိ ပေါက်ဈေးမှာ ငရုတ်အစပ်သီးအစိမ်း တစ်ကီလိုလျှင် ကျပ် ၃၀၀၀ ခန့်ထိ ဈေးရရှိကြောင်း၊ ငရုတ်ကို ငါးရက်ခြားတစ်ခါ ခူးဆွတ်ရကြောင်း တောင်သူက ပြောသည်။
နှစ်ရှည်စီးပွားဖြစ် သီးနှံများဖြစ်ကြသည့် ရော်ဘာ၊ လက်ဖက်၊ ငှက်ပျောနှင့် ကော်ဖီပင်များကို စိုက်ပျိုးလျက်ရှိကြပြီး ရော်ဘာနှင့် ငှက်ပျောကိုသာ ဧကများစွာ စိုက်ပျိုးလျက်ရှိသော်လည်း လက်ဖက်နှင့် ကော်ဖီပင်များကို တစ်ပိုင်တစ်နိုင်သာ စိုက်ပျိုး ရောင်းချလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်