မိုင်းပျဉ်းမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

မိုင်းပျဉ်း မတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၅ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ZAY FC ဘောလုံးအသင်းနှင့် Royal Hyper ဘောလုံးအသင်းတို့က ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များ၊ ဘောလုံးပွဲဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။ ထို့နောက် အကောင်းဆုံး ဘောလုံးကစားသမားဆုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းကလည်းကောင်း၊ ဗိုလ်လုပွဲတွင် အနိုင်ရရှိသွားသော ပထမဆုရ ZAY FC ဘောလုံးအသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်လွင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော Royal Hyper ဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနိုင်လင်းထွန်းကလည်းကောင်း၊ တတိယဆုရရှိသော ဌာနဆိုင်ရာအသင်းအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က လည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက်  စာရင်းစစ်ဦးစီးအရာရှိက ဦးကျော်နိုင်ဦးက ဘောလုံးပွဲဒိုင်များအား မေတ္တာလက်ဆောင်များပေးအပ်ရာ ဒိုင်(၄)ဦးမှလက်ခံရယူခဲ့သည်။  အဆိုပါ  မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား အလွတ်တန်း အမျိုးသား ဘောလုံးအားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ ပြိုင်ပွဲဝင်ဘောလုံးအသင်း(၅)သင်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ဘောလုံး ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ အကြီးအကဲများ၊ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း  သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)