မိုင်းဖြတ်မြို့နယ်၌  လယ်ယာမြေ ဧက ၂၂၀ကျော် စိုက်ပျိုးရေများ အကျိုးပြုသည့် ဖိုင်ပါကွေ့ရေလွှဲဆည် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

မိုင်းဖြတ် မတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နမ့်လန်းကျေးရွာအုပ်စု၊ ပါထွန် ကျေးရွာအနီး  ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးလယ်ယာမြေ ဧက ၂၂၀ ကျော် စိုက်ပျိုးရေများ ဖြန့်ဝေပေးနိုင်မည့် ဖိုင်ပါကွေ့ ရေလွဲဆည်သည် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ရေလွှဲဆည် ဆောင်ရွက်ပြီးစီးမှူးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စီစစ်ရေးကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ရာ တာဝန်ယူဆောင်ရွက်သည့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းကြီး ကြပ်မှုအင်ဂျင်နီယာ ဦးစီးအရာရှိ(မြို့ပြ) ဦးမြင့်ဇော်အောင်က လုပ်ငန်းမြေပြင်အခြေအနေများ၊ ရေလွှဲဆည် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအပေါ် စိုက်ပျိုးရေများ ဖြန့်ဝေပေးနိုင်မှု အခြေအနေများကို လိုက်လံရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ဖိုင်ပါကွေ့ ရေလွှဲဆည်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၉၈.၇)ကျပ်သန်းဖြင့် မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပြီး အလျား ၅၇ပေ၊ အကျယ် ၄၅ပေ၊ အမြင့် ၃ ပေ အတိုင်းအတာရှိ ကျောက်ပန်းရံ သံကူကွန်ကရစ်အမျိုးအစားဖြစ်ကြောင်း သိရသည်။ ယခု အခါရေလွှဲဆည် ဆောင်ရွက်ပြီးစီပြီဖြစ်သည့်အတွက် နမ့်လန်းကျေးရွာအုပ်စုအတွင်းမှ ပါထွန်ကျေးရွာနှင့် အခြားကျေးရွာများရှိ လယ်ယာမြေများ စိုက်ပျိုးရေများရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး