မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါး စိုက်ဧက ၂၀၀ စိုက်ပျိုးသွားမည်

မိတ္ထီလာ မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက ၂၀၀ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်တွင် နွေစပါးစိုက်ပျိုးရန် စိုက်ဧက ၉၀၀ ကျော် လျာထားသတ်မှတ်ထားပြီး ၎င်း စိုက်ပျိုးရန် သတ်မှတ်လျာထားသည့် စိုက်ဧကများအနက် နွေစပါးစိုက်ဧက ၂၀၀ ကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်  စိုက်ပျိုးသွားမည်ဖြစ်သည်။ ယင်းသို့  နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရာတွင် သက်ဆိုင်ရာဌာနများက ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ပြီး နွေစပါးစိုက်ဧက တစ်ဧကလျှင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ နှစ်သိန်းကျပ်အား အကျိူးတူ ကုမ္ပဏီအား ပေးအပ်၍ ၎င်းကုမ္ပဏီမှ နွေစပါးစိုက် တောင်သူများအား ငွေကျပ် နှစ်သိန်း တန်ဖိုးနှင့်ညီမျှသည့် စပါးမျိုးစေ့၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးတို့ကို ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါပေးအပ်သည့် ကုမ္ပဏီအား ငွေကျပ် နှစ်သိန်းနှင့် ညီမျှသည့် နွေစပါးများကို ကာလပေါက်စျေးနှုန်းဖြင့် ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။

မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကန်ထရိုက်လယ်ယာစနစ်ကို ထမုန်ကန် ကျေးရွာအုပ်စုတွင် စိုက်ဧက ၁၀၀၊ ကွက်ငယ်ကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀ နှင့် သီးကုန်းကျေးရွာ အုပ်စုတွင် စိုက်ဧက ၂၅ဧက၊ မုန်တိုင်ကျေးရွာအုပ်စုတွင် စိုက်ဧက ၂၅ ဧကတို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)