ရန်ကုန် မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန်၊ ကွန်ပျူတာပညာနှင့် ပန်းချီပညာကို တတ်မြောက်နိုင်စေရန်ရည်ရွယ်၍ နွေရာသီအခမဲ့ သင်တန်းများအဖြစ် ယနေ့နံနက်(၁၀)နာရီအချိန်က ကွန်ပျူတာသင်တန်းနှင့် ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပန်းချီသင်တန်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် အသီးသီးဖွင့်လှစ်သင်ကြားသည်။
သင်တန်းများ ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပန်းချီသင်တန်းနည်းပြ ပန်းချီဆရာဦးသက်တင်(မောင်သာတင့်)က အမှာစကားပြောကြားသည်။
ကွန်ပျူတာသင်တန်းကို ကွန်ပျူတာတတ်ကျွမ်းသည့်တာဝန်ရှိသူများက နံနက်(၁၀)နာရီအချိန်မှ နေ့လယ်(၁၂)နာရီအချိန်အထိ သင်တန်းသား(၃၀)ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ပန်းချီသင်တန်းကို သင်တန်းနည်းပြများအဖြစ် ပန်းချီဆရာ ဦးသက်တင်(မောင်သာတင့်)၊ ပန်းချီဆရာဘိုကြင်၊ ပန်းချီဆရာနွေနှင်းလတ်နှင့် ပန်းချီဆရာ မင်းမြန်မာတို့က ပန်းချီအခြေခံနှင့်လူပုံရေးဆွဲနည်း၊ ရှုခင်းရေးဆွဲနည်း၊ သရုပ်ဖော်ဒီဇိုင်းနှင့် လက်ရေး၊ အခြေခံမျဉ်းရေးဆွဲနည်း၊ အလင်းအမှောင်နှင့်ကောက်ကြောင်းရေးဆွဲနည်း၊ အရောင်အမျိုးမျိုးနှင့် ဆေးရောင်ခြယ်နည်းစသည့် ပန်းချီပညာရပ်များကို မွန်းလွဲ(၁)နာရီအချိန်မှ မွန်းလွဲ(၃)နာရီအချိန်အထိ သင်တန်းသား(၃၅)ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းများကို မတ်လ(၉) ရက်နေ့မှ ဧပြီလ(၇)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
နွေရာသီအခမဲ့သင်တန်းများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အဆိုပါ ကွန်ပျူတာသင်တန်းနှင့် ပန်းချီသင်တန်းများအပြင် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အတတ်ပညာဗဟုသုတရရှိစေမည့် သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)