ဘားအံ မတ် ၉
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် ပန်းချီပညာရှင်များ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အခြေခံပန်းချီသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံခရိုင် Community Centre ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ပန်းချီပညာရှင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမောင်မောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်ထောက်ကူပစ္စည်းများ ဝယ်ယူရန် ငွေကျပ် ၉၇၂၀၀၀(ကိုးသိန်းခုနှစ်သောင်းနှစ်ထောင်ကျပ်)ကို ထောက်ပံ့ပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သင်တန်းများ ဖွင့်လှစ်ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် မော်တော်ယာဉ်ရွေ့လျား စာကြည်တိုက်တို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့် နွေရာသီအခြေခံပန်းချီသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃၂ ဦး၊ အခြေခံအင်္ဂလိပ် စာ(Grammar)သင်တန်းတွင် သင်တန်းသား၊သင်တန်းသူ ၄၅ ဦး စုစုပေါင်း ၇၇ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလ ရက်သတ္တပတ်(၃)ပတ်ကြာမြင့်မည်ဖြစ်ကာ ဘားအံခရိုင် (Community Centre )လူထုအခြေပြုဗဟို ဌာနတွင် ကွန်ပျူတာအခြေခံသင်တန်း(၃၂)ကြိမ်၊ အဆင့်မြင့်သင်တန်း(၅)ကြိမ်၊ အင်္ဂလိပ်စာသင်တန်း(၆)ကြိမ်၊ အိမ်တွင်းမှုသက်မွေးသင်တန်း(၄)ကြိမ်၊ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း(၅)ကြိမ်တို့ကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို စာဖြေဌာန အသီးသီးတွင် ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးမှူးဒေါ်နန့်စယ်လီလှိုင်၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေး၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကျောင်းသား၊ကျောင်းသူများ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(အင်္ဂလိပ်စာ) ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး စိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကရင်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန် စာရင်းပေးသွင်း ထားသူပေါင်း ၂၈၅၁ ဦးရှိသည့်အနက် မတ်လ ၉ ရက်နေ့ထိ၂၅၄၀ ဦး ဝင်ရောက်ဖြေဆိုခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၈၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကြီးမှူး၍ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲကို မတ်လ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ဘားအံ)၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြကာ အဆိုပါသင်တန်းသို့ သင်တန်းသား(၃၀)ဦးတက်ရောက်၍ Basic Electricity ၊ Sagety & Health at work ၊ General Knowledge of electrical protection devices ၊ Usage of electrical wire ၊ Measurement of meters ၊ Basic Electrical Symbol and Drawings ဘာသာရပ်များကို ရက်သတ္တပတ်(၄)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)