မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ

မြစ်သား မတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ စာရေးဆရာဒေါက်တာကျော်စိန်ရေးသားသော  ဘဝတွင်အောင်မြင်ပျော်ရွှင်သူတို့၏  လျှို့ဝှက်ချက်  ၁၀၀  စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို  ယမန်နေ့ မွန်းလွှဲ(၂)နာရီအချိန်က  မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်သီတာအောင်က စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ်ရှိန်များပိုမိုမြင့်တက်လာပြီး အသိပညာဗဟုသုတများ ကြွယ်ဝလာကာ အမှားနှင့်အမှန်ကောင်းစွာ ခွဲခြားဆုံးဖြတ်နိုင်ပြီးအချိန်ကို အကျိုးရှိစွာ အသုံးချသူများ ဖြစ်စေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများအဖွဲ့ဝင် ဆရာကြီးဦးကျော်နိုင်က “အလုပ်များခြင်းသည် ဘာမျှလုပ်စရာမရှိခြင်းထက် ပိုကောင်းပါသည်” ခေါင်းစဥ်နှင့် “အားလုံးနှင့်မျှဝေခံစားပါ” ခေါင်းစဥ်ဖြင့် ဖတ်ကြားဆွေးနွေးပြီး (Youth Club) အဖွဲ့ဝင် ဦးအေးချစ်က “အောင်မြင်မှုကိုအခြားအရာတို့နှင့်မ‌‌ရောနှောမိပါစေနှင့်” ခေါင်းစဥ်ကို လည်းကောင်း ဖတ်ကြားဆွေးနွေးသည်။

ထို့နောက် ဦးရဲနိုင်ဦးက “တိကျသောရည်ရွယ်ချက်ရှိပါစေ” ခေါင်းစဥ်ပါ ရည်ရွယ်ချက်မည်မည်ရရ  မရှိသည့်လုပ်ရပ်တို့သည် အဓိပ္ပာယ်မဲ့စွာ ဖြစ်တတ်ကြောင်း ကောင်းမွန်သည့် အလေ့အထ (၇၂)မျိုးဖြင့် ဘဝကို လှုပ်ရှားစေလိုကြောင်း၊ အလုပ်များစွာတို့ကို ဘာကြောင့်လုပ်ရသည်ဆိုသော ရည်ရွယ်ချက်မရှိခဲ့ကာမှု လုပ်သမျှအပြုအမှုအားလုံးသည်  အဓိပ္ပယ်ကင်းမဲ့သည့်  အဆန်မပါသော သင်္ကြန်အမြောက် ပမာသာဖြစ်သွားစေပါကြောင်း ဆွေးနွေးပြောကြားကာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက သိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲနိုင်ဦး(မြစ်သား)