တန့်ယန်း မတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အမှတ်(၃)တပ်မတော်ဆေးရုံနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့တို့ ပူးပေါင်း၍ မတ်လ ၉ ရက်နေ့က လုံပုံးကျေးရွာအုပ်စု လွယ်လွမ့်ကျေးရွာ၌ ဒေသခံတိုင်းရင်းသား မိဘပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နယ်မြေခံတပ်နယ်မှ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် တပ်နယ်အသီးသီးမှ အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ ဌာနဆိုင်ရာ အကြီးကဲများက ကြည့်ရှုအားပေး၍ အမှတ်(၃) တပ်မတော်ဆေးရုံ (ခုတင်-၂၅) မှ ဆရာဝန်၊ဆရာမများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ဆေးကုသရေးအဖွဲ့တို့ ပူးပေါင်းကာ လွယ်လွမ့်ကျေးရွာရှိ ဒေသခံတိုင်းရင်းသား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ဆေးကုသမှု ခံယူသည့် ဒေသခံတိုင်းရင်းသား ပြည်သူများထဲမှ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြက်ဉနှင့် အိုင်အိုဒင်းဆားများ ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်းနှင့် သံယာတော် (၃၅)ပါး၊ ကျား (၁၁၉)ဦး၊ မ (၁၅၈)ဦး စုစုပေါင်း (၃၁၂)ယောက်အား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)