မိတ္ထီလာမြို့နယ် အိုင့်ကျေးရွာတွင် မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရဆရာတော်အား ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ကျင်းပ

မိတ္ထီလာ မတ် ၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြင်းကန်ကျေးရွာအုပ်စု အိုင့်ကျေးရွာ သာသနာ့ဇောတိပါလ အိုင်အနောက်ကျောင်းတိုက်တွင် နိုင်ငံတော်မှ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် အလှူခံရရှိခဲ့သော အဆိုပါကျောင်းတိုက်ဦးစီးပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တဩဘာသ အား ဂုဏဝိသိဋ္ဌမင်္ဂလာ ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီ ၃ဝ မိနစ်အချိန်က ကျင်းပကြောင်း သိရသည်။

 ရှေးဦးစွာ အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တကောဝိဒ ထံမှ ငါးပါး သီလတရားတော်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ ၊ကျေးရွာဒေသခံများက  ခံယူဆောက်တည်ကြသည်။ ထိုနောက် ဘွဲ့တံဆိပ်တော် အလှူခံရရှိခဲ့သော အိုင့်ကျေးရွာ သာသနာ့ဇောတိပါလ အိုင်အနောက်ကျောင်းတိုက် ဦးစီးပဓာနနာယက မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တဩဘာသထံသို့ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ၊ လှူဖွယ်ဝတ္ထုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက လှူဒါန်းဆက်ကပ်သည်။ ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တလာဘာဝတထံမှ ရေစက်ချ တရားတော်များကို တာဝန်ရှိသူများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက နာယူခဲ့ကြောင်း သိရသည်။

ချမ်းသာ