ဒဂုံဆိပ်ကမ်း မတ်လ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ယနေ့မွန်းလွဲ(၃)နာရီက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ တပ်ဖွဲ့တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော တပ်ဖွဲ့ဝင်အမျိုးသမီးများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးကျော်မိုးကြည်က ကြက်ခြေနီလုပ်ငန်းသည် မွန်မြတ်ပြီး အများအကျိုးအတွက် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ရပ်ရွာနဲ့ လူ့အဖွဲ့အစည်းအတွက် အမျိုးသမီးများ၏ တန်ဖိုးရှိမှုများအား အသိအမှတ်ပြုပါကြောင်း၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ ပိုမိုတိုးတက်လာတာ တွေ့ရသည့်အတွက် များစွာပီတိဖြစ်မိပါကြောင်း၊ မိမိတို့၏ ရည်မှန်းချက်ကိုလည်း မပျောက်ပျက်အောင် ဆောင်ရွက်စေလိုပါကြောင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဋ္ဌဒေါ်သန်းသန်းဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ တစ်နှစ်တာကာလအတွင်း ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီတပ်ဖွဲ့ဝင်ရဲမေများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ (ပြန်/ ဆက်)