ရပ်စောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ရပ်စောက် မတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများမှ ယနေ့နံနက်(၉)နာရီမှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများ၌ အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် အင်တောမြို့နယ်ခွဲအပါအဝင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၇)ခုတို့ဖြင့် ကျင်းပပြုလုပ်ပြီး စာမေးပွဲဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၅၉၀)ဦး ရှိသည့်အနက် ယနေ့တွင် မြန်မာစာဘာသာရပ်ကိုလာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၅၃၀)ဦးရှိပြီး၊ ပျက်ကွက်ကျောင်းသား၊ ကျောင်းသူ(၆၀)ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အဆိုပါစာစစ်ဌာန(၇)ခုတို့၏ အပြင်စည်းလုံခြုံရေးအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အ-ထ-က(၁)ရပ်စောက် စာစစ်ဌာနသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆုမွန်(ရပ်စောက်)