ဒဂုံ မတ် ၈
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီး၌ စတင်ကျင်းပခဲ့ရာ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားရှိသော အထက (၁) စာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျှော်ရွှင်စွာ ဖြေဆိုလျက်ရှိကြသည်။
ဒဂုံမြို့နယ်တွင် အထက (၁)စာစစ်ဌာနအား ဖွင့်လှစ်ထားရှိရာ ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် ကျောင်းသား (၁၀၆)ဦး၊ ကျောင်းသူ (၁၀၆) ဦး၊ စုစုပေါင်း (၂၁၂)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ယနေ့စတင်ကျင်းပသော ပထမနေ့ မြန်မာစာဘာသာရပ်တွင် ဖြေဆိုသူကျောင်းသား (၈၈)ဦး၊ ကျောင်းသူ (၈၃)ဦး၊ စုစုပေါင်း (၁၇၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ ရာခိုင်နှုန်း (၈၀.၆၆)ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။
ယနေ့စတင်ကျင်းပသော တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာသို့ ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ဒဂုံမြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါဦးနှင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြ၍ ကျန်းမာရေးနှင့်လုံခြုံရေးတို့အတွက် တာဝန်ရှိသူများကလည်း လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကြည်ဇေသော်