မိုင်းကိုင် မတ် ၈
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ စတင်ဖြေဆိုနေပြီဖြစ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ အ.ထ.က(မိုင်းကိုင်) စာစစ်ဌာန၌လည်း ယနေ့မနက်ပိုင်းမှစ၍ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုနေပြီဖြစ်သည်။
ယခုပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် စနစ်ဟောင်းပညာရေး၏ နောက်ဆုံးဖြေဆို ရသည့် စာမေးပွဲဖြစ်ပြီး လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ စနစ်သစ်ပညာရေးသို့ ကူးပြောင်းတော့မည်ဖြစ်သဖြင့် စာဖြေသူ ကျောင်းသား၊ ကျောင်းသူများအားလုံး ထူးချွန်စွာ ဖြေဆိုအောင်မြင်နိုင်ရေး အပတ်တကုတ် ကြိုးစားဖြေဆိုလျက်ရှိရာ အ.ထ.က(မိုင်းကိုင်)စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာယာစွာ ဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက စာဖြေဌာနအနီးအနားပတ်ဝန်းကျင် လုံခြုံရေး၊ ဆူညံသံများ မဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်များ ခွဲဝေချထား ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချော(မိုင်းကိုင်)