မိုးကောင်း မတ် ၈
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈) ရက်မှ စတင်ဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့နယ် အ.ထ.က(၁)ကျောင်း စာစစ်ဌာနတွင် ကျောင်းတွင်းဖြေစာရင်းရှိ ကျား(၄၈)ဦး၊ မ(၅၆)ဦး စုစုပေါင်း(၁၀၄)ဦးအနက် ကျား(၄၇)ဦး၊ မ(၅၅)ဦး စုစုပေါင်း(၁၀၂)ဦးဖြေဆိုပြီး အလွတ်ဖြေဆိုသူ စာရင်းရှိ ကျား(၂၅၅)ဦး၊ မ(၄၈၃)ဦး စုစုပေါင်း(၇၃၈)ဦးအနက် ဖြေဆိုသူ ကျား (၂၃၇)ဦး၊ မ(၄၅၃)ဦး စုစုပေါင်း (၆၉၄)ဦး ဖြေဆိုကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုတွင် စာရင်းရှိစုစုပေါင်း (၈၄၂)ဦးအနက် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၇၉၆)ဦးရှိသည့်အတွက် ဖြေဆိုမှုရာခိုင်နှုန်း ၉၄ ဒဿမ ၅၄ ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးထားကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းတွင် ၂၀၂၃ ခုနှစ် မတ်လ(၈)ရက်မှ (၁၈)ရက်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်းနှင့် စိတ်ကြိုက်မြန်မာစာတို့ကို နံနက်(၉)နာရီမှ (၁၂)နာရီထိ ဘာသာရပ်အလိုက် ဖြေဆိုချိန်အား ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)