မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်အား ကျောင်းသားကျောင်းသူ ၈၉.၃၅ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို

ရန်ကုန် မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြို့နယ်စာစစ်ဌာနဖြစ်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၈၉.၃၅ ရာခိုင်နှုန်းဝင်ရောက်ဖြေဆိုခဲ့ကြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား ၁၆၁ ဦး၊ ကျောင်းသူ ၂၄၃ ဦး၊ စုစုပေါင်း ၄၀၄ ဦးရှိသည့်အနက် ယနေ့ကျင်းပခဲ့သည့် မြန်မာစာဘာသာရပ်ကိုစတင်ဖြေကြားချိန်၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၁၃၉ ဦး၊ ကျောင်းသူ ၂၂၂ ဦး၊ စုစုပေါင်း ၃၆၁ ဦးရှိရာ ဝင်ရောက်ဖြေဆိုမှု ၈၉.၃၅ ရာခိုင် နှုန်းရှိကြောင်း သိရှိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ကြသည့် မိဘများလုံခြုံအေးချမ်းမှုရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပံ့ပိုးကူညီဆောင်ရွက်ပေးနေကြောင်းသိရသည်။

မြို့နယ်စာစစ်ဌာနဖြစ်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်လည်း မြို့နယ်ပညာရေးမှူး၏ဦးဆောင်မှု ဆရာဆရာမများ၏ ကြီးကြပ်ဆောင်ရွက်ပေးမှုဖြင့် ကျောင်းသား၊ ကျောင်းသူများတက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

မိုးမင်းမောင်(မင်္ဂလာတောင်ညွန့်)