ထားဝယ် မေ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၂-၂၀၂၃ခု၊ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ထားဝယ်စာစစ်ဌာနတွင် တည်းခိုနေထိုင်သော ကျောင်းသား/သူများအား ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင် စာစစ်ဌာနများတွင် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများ အဆင်ပြေချော့မွေ့စွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စာဖြေ သူနှင့် စာမေးပွဲလုပ်ငန်း အနှောက်အယှက်မဖြစ်စေရေးအတွက် ဂရုတစိုက် ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းသား /သူများ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးအခြေအနေများအား အလေးထား ဂရုပြုဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စာဖြေခန်းအတွင်း/အပြင် သန့်ရှင်းရေးနှင့် လေဝင်လေထွက်ကောင်းမွန်ရေး၊ ကျောင်းသား/သူများ စာမေးပွဲကို သက်သောင့်သက်သာစွာ ဖြေဆိုနိုင်ရေး စာသင်ခုံများအား စနစ်တကျဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း လမ်းညွှန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က မေတ္တာနှင့်လောင်းလုံးမြို့နယ်မှ ထားဝယ်စာစစ်ဌာန အထက(၁)၊ အထက(၃)တို့တွင် တည်းခိုနေထိုင်၍ စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/သူ (၃၈)ဦးအား စားသောက်စရိတ် ထောက်ပံငွေကျပ် (၁၀ သိန်း ၂ သောင်း)ကျပ်အား ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား/သူများအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၁)သောင်းစီ ပေးအပ်ကာ စာသင်ခန်းများ အတွင်း /အပြင် သန့်ရှင်းမှုရှိ/မရှိ၊ လေဝင်လေထွက်ကောင်း မကောင်း၊ အလင်းရောင်လုံလောက်မှု ရှိ/မရှိ၊ ခုံတန်းများ ခိုင်ခန့်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)