ဖားကန့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို

ဖားကန့် မတ် ၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ (ပထမနေ့)ကို ယနေ့ နံနက် ၉ နာရီက စတင်ဖြေဆိုခဲ့ကြပြီး ဝင်ရောက်ဖြေဆိုသူ ၈၈ ရာခိုင်နှုန်းကျော်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖားကန့်မြို့နယ်တွင် စာစစ်ဌာန (၂) ခု ဖွင့်လှစ်ထားပြီး ဖားကန့်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၅၈၂ ဦး နှင့် ကားမိုင်းမြို့ အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ ၁၂၂ ဦး စုစုပေါင်း စာဖြေဆိုသူ (၇၀၄) ဦးရှိပြီး စာဖြေရာခိုင်နှုန်းမှာ (၈၈) ဒဿမ (၃၃)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့်ကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များနှင့် ကျောင်းကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်