မြိတ် မတ် ၈
(၂၀၂၃)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်း စာစစ်ဌာနများတွင် ယနေ့နံနက်(၉)နာရီက စတင်ကျင်းပလျက်ရှိရာ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း(၅)ကျောင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား/သူများက စိတ်အေးချမ်းစွာ လာရောက် ဖြေဆိုလျက်ရှိကြသည်။
မြိတ်မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် စာရင်းရှိ ကျောင်းသား/သူ စာရင်းရှိ (၂၂၈၅)ဦး ရှိပြီး စာစစ်ဌာနကျောင်း(၅)ကျောင်းတွင် မြန်မာစာဘာသာကို ကျောင်းသား/သူ (၂၁၃၇)ဦး စတင်လာရောက် ဖြေဆိုကြပြီး ဖြေဆိုရန် ပျက်ကွက်သူ(၁၄၈)ဦးရှိ၍ စာမေးပွဲ ဖြေဆိုကြသည့် ရာခိုင်နှုန်းအနေဖြင့် (၉၄)ရာခိုင်နှုန်းရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြိတ်မြို့နယ်အနေဖြင့် အထက(၁) စာစစ်ဌာန၊ အထက(၂) စာစစ်ဌာန၊ အထက(၃)စာစစ်ဌာန၊ အထက(ကျွဲကူး)စာစစ်ဌာနနှင့် အထက(အင်္ဂမော်) စာစစ်ဌာန စုစုပေါင်း စာစစ်ဌာန(၅)ခုဖြင့် ကျင်းပပေးလျက်ရှိပြီး ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန အသီးသီး၌ တာဝန်ကျ ဆရာ/မများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ မြိတ်ခရိုင်နှင့်မြို့နယ် စာမေးပွဲကြီးကြပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာအသင်း၊ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက အပြင်စည်းအဖြစ်လည်းကောင်း၊ ဆရာ/မများက အတွင်း စည်းအဖြစ်လည်းကောင်း တာဝန်များခွဲဝေချထား၍ စာမေးပွဲများ ကျင်းပလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက စာစစ်ဌာနကျောင်းများအား လိုက်လံကြည့်ရှု စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )