ဝဥဈေးများ ပြန်လည်မြင့်တက်လာ၍ ဝဥလုပ်ကိုင်သူများ အဆင်ပြေ

နမ့်ဆန် မတ် ၇

တောင်ပေါ်ဒေသများတွင် အများဆုံးစိုက်ပျိုးလေ့ရှိသည့် ဝဥဈေးများ ပြန်လည်မြင့်တက်လာ၍ ဝဥလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဝဥကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးလေ့ရှိပြီး ဒေသခံပြည်သူများအနေဖြင့် လက်ဖက်ရာသီမတိုင်မီ ဝဥများကို လှီးဖြတ်၊ နေလှမ်းခြင်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။

နမ့်ဆန်မြို့နယ်၊ တောင်ကျော်ကျေးရွာအုပ်စုအတွင်းရှိရွာများက စိုက်ပျိုးသည့် ဝဥများကို နမ့်ဆန်မြို့ပေါ်သို့ တင်ပို့ရောင်းချလေ့ရှိပြီး ဝဥများကိုလှီးဖြတ်၊ နေလှန်းကာ ရရှိလာသည့် ဝဥခြောက်များကို မန္တလေးမြို့သို့ တင်ပို့ရောင်းချကြသည်။ ထို့နောက် မန္တလေးမြို့မှတစ်ဆင့် ကုန်သည်များက တရုတ်နိုင်ငံသို့ ဆက်လက်တင်ပို့ရောင်းချကြောင်း၊ ဝဥခြောက်များကို ပြည်ပနိုင်ငံများက ပြန်လည်သန့်စင်ကာ ကုန်ချောထုတ်ကုန်အဖြစ် စားသောက်ကုန်၊ လူသုံးကုန်တို့ကို ပြန်လည်ထုတ်လုပ်ခြင်းဖြစ်သည်။

နမ့်ဆန်မြို့တွင် ဝဥလုပ်ငန်းကို လုပ်ကိုင်နေသူ ၂ ဦးသာရှိပြီး လက်ရှိတင်ပို့နေသော ဝဥအမျိုးအစားမှာ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်မှထွက်ရှိသော ပန်းရောင်ဝဥအမျိုးအစားများဖြစ်ကြောင်း၊ ယခင်က နမ့်ဆန်မြို့ တွင် ဝဥလုပ်ကိုင်လေ့မရှိကြသော်လည်း ယခုအခါ ဝဥဈေးများ ပြန်လည်ကောင်းလာသောကြောင့် လုပ်ငန်းတွင်ကျယ်လျက်ရှိပြီး ဝဥလှီးဖြတ်၊ နေလှမ်းလုပ်ကိုင်သူ အမျိုးသမီးမှာ တစ်နေ့လျှင် ၅၀၀၀ ကျပ်နှင့် အမျိုးသားမှာ ၈၀၀၀ ကျပ်ခန့်ရရှိကြောင်း တောင်သူများထံမှသိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)