နမ္မတူမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့်ဇာတ်တိုက်လေ့ကျင်ခြင်း ဆောင်ရွက်

နမ္မတူ  မတ် ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့်  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စာဖြေခန်းများတွင် မီးကြိုးများတပ်ဆင်ထားရှိမှု အခြေအနေ၊ တပ်ဆင်ထားရှိသည့် မီးသတ်ဆေးဘူးများ ကောင်းမကောင်း၊ ကျောင်းဝင်းအတွင်း ရေကန်များ ရေဖြည့်သွင်းထားရှိမှု၊ အမှိုက်သရိုက်များအား စနစ်တကျ ရှင်းလင်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး အရေးပေါ်မီးလောင်မှု ဖြစ်ပွားပါက မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းများအား ရှင်းလင်းပြောကြားကာ မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့ မီးငြှိမ်းသတ်ခြင်းများကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)