မူဆယ် မတ်လ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၂-၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆို ကြမည့် ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် ဖြေဆိုမည့် အ.ထ.က(၂)စာစစ်ဌာန ပြင်ဆင်ထားရှိမှုများကို ယနေ့နံနက် (၁၁:၀၀)နာရီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်တကွ မြို့နယ်ပညာရေးမှူး ဦးအယ်လ်ဇော်ရှန်လွမ်တို့က ဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအတွက် တာဝန်ယူ ဆောင်ရွက်သော မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးအဖွဲ့ဝင်များက စာစစ်ဌာနတွင် ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် မီးဘေးကြိုတင်ကာကွယ် ထားရှိမှုများ၊ မီးသတ်ဆေးဘူးများ စာဖြေခန်း အနီးဆုံးနေရာတွင် ထားရှိမှုများ၊ လျှပ်စစ်ဓာတ်ကြိုးများ သွယ်တန်းထားရှိမှုများ၊ စာစစ်ဌာနကျောင်းဝန်းအတွင်းရှိ မီးဘေးလုံခြုံရေးအတွက် ရေသိုလောင်ကန် များတွင် ရေသိုလှောင်ထားရှိမှုများနှင့် စာဖြေခန်းများတွင် ခုံနံပါတ်အလိုက် စာရေးခုံများ စနစ်တကျ စီစဉ်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
၂၀၂၂-၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မူဆယ်မြို့တွင် အ.ထ.က(၂)စာစစ်ဌာနတစ်ခုတွင် ဖြေဆိုကြမည်ဖြစ်ပြီး အစိုးရ အခြေခံပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ဖြေဆိုသည့်ကျောင်းတွင်း ဖြေဆိုသူ ကျောင်းသား/သူ(၁၃၈)ဦးနှင့် ပြင်ပဖြေဆိုသူ (၁၆၄) ဦး၊ စုစုပေါင်း (၃၀၂)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အ.ထ.က(၂) စာစစ်ဌာနတွင် စာဖြေခန်း (၁၁) ခန်းဖြင့် (၈.၃.၂၀၂၃)မှ (၁၈.၃.၂၀၂၃) ရက်အထိ စနေနှင့် တနင်္ဂနွေ (၂)ရက် နားပြီး ဖြေဆိုသွားမည်ဖြစ်ကြောင်း စာစစ်ဌာနကြီးကြပ်ရေးမှူးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)