နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

နောင်ချို မတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ယနေ့ နံနက် ၁၀နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန Community Centreခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဒေါ်ခိုင်သဇင်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ၏ ရည်ရွယ်ချက်များ၊ အသက် ၁၈ နှစ် မပြည့်သေးသူ ကလေး သူငယ်များ၏ အကျိုးစီးပွားများ၊ အခွင့်အရေးများ၊ စည်းကမ်းများ၊ ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း၊ ကာကွယ်စောင့်ရှောက် ရန်လိုအပ်သော ကလေးသူငယ်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍   စာပေပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ဖိတ်ခေါ်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် Talk Show ဆွေးနွေးပွဲများကို ရိုက်ကူး၍ Online မှတဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)