ပိုင်ကျုံ မတ် ၇
ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားရှစ်ခိုးကျောင်း၌ နွေရာသီအခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အသင်းအုပ်ဆရာတော် ဦးစောစိုးလယ်ဦးဆောင်မှုဖြင့် အခြေခံသင်တန်းများဖြစ်သည့် (စကောကရင်စာပေ၊ ကျမ်းစာစာပေနှင့် အင်္ဂလိပ်စာဘာသာရပ်များကို သင်ကြားဖွင့်လှစ်လျက်ရှိရာ မူကြိုအဆင့်မှအထက်တန်းအဆင့်ထိ ကျောင်းသားလူငယ်မောင်မယ်များ တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ ယင်းသင်တန်းကို မတ်လ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ တစ်လကြာသင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်း သားလူငယ်မောင်မယ်များတို့မှ ကရင်စာပေတိုးတက်မြှင့်မားရေးအတွက် အခြေခံကရင်စာပေသင်တန်းများ၊ စိတ်ဓာတ်ရေးရာခွန်အားမြှင့်မားစေရေးအတွက် အခြေခံကျမ်းစာသင်တန်းများ၊ အင်္ဂလိပ်စာစွမ်းရည်တိုးတက်စေရေးအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းများ၊ အနုပညာစွမ်းရည်တိုးတက်မြှင့်မားစေရေးအတွက် အခြေခံဂီတနှင့်တယောင်းသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)