ပုဗ္ဗသီရိ မတ် ၇
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်ရှိ ဝေနေယျသုခဓမ္မာရုံ၌ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဂုံမင်းကွင်းကျေးရွာရှိ ရတနာပုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တယုဇန ကြွရောက်တော်မူပြီး ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး နှင့်တာဝန်ရှိသူများ၊ သင်တန်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဂုံမင်းကွင်းကျေးရွာ ရတနာပုံကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တယုဇနက အဖွင့်သြဝါဒစကား မိန့်ကြားခဲ့ပြီး ဇေယျာသီရိခရိုင်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးမှ အဖွင့်အမှာစကားပြောကြားရာ၌ နွေရာသီကျောင်း ပိတ်ရက်များတွင် ယခုလို ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် ကလေးငယ်များ ဘာသာတရားကို ယခင်ထက် ပိုမိုကိုင်းရှိုင်းစေပါကြောင်း၊ လိမ္မာယဉ်ကျေးသည့် ကလေးများဖြစ်ပေါ်လာစေပါကြောင်း၊ ကလေးငယ်များကို ငယ်ရွယ်စဉ် အချိန်မှစ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးမှသာ နောင်အနာဂတ်တွင် ယဉ်ကျေးလိမ္မာသော ထူးချွန်ထက်မြတ်သောကလေးများ ဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ (၇) ရက်နေ့မှ (၂၀) ရက်နေ့အထိ (၁၄)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)