မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်း စစ်ဆေး

မောက်မယ် မတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၏ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာစစ်ဌာနဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်)၌ မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရန် ယနေ့နံနက် ၁၀ နာရီက အဆိုပါအထက်တန်းကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသန်းလင်းအောင်က ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား/ကျောင်းများ စိတ်အေးချမ်း ပျော်ရွင်စွာ ဖြေဆိုနိုင်ရန်နှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မောက်မယ်စာစစ်ဌာနဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)အား မီးဘေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ စနစ်တကျရှိစေရေး မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိတ်များနှင့် မီးသတ်ဆေးဘူးများ စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် စာသင်ကျောင်းခန်းအတွင်းအပြင်တွင် လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုများ၊ ကျောင်းဝန်းအတွင်းရှိ ရေလှောင်ကန်များတွင် ရေအပြည့် ဖြည့်ဆည်းထားမှုများ၊ ကျောင်းပတ်ဝန်းကျင်တွင် မီးလောင်လွယ်သော အမှိုက်သရိုက်များ၊ ချုံနွယ်ပိတ်ပေါင်းများ စနစ်တကျ သန့်ရှင်းရေးများ ပြုလုပ်ထားရန်နှင့် မီးသတ်ဆေးဘူးအသုံးပြုပုံများအား ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)