ဒေါပုံ မတ် ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် သင်္ဘောကျင်းရပ်ကွက်၊ မြို့ပတ်လမ်းရှိ စက်ရုံနှင့်ပစ္စည်းထားသို ဂိုထောင်များအတွင်း မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု စနစ်တကျရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက လာရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဏ္ဏဝါဒေဝီ အအေးခန်းစက်ရုံနှင့် ရွှေသိန်းဆန်စက်များမှ တာဝန်ရှိသူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထူးချွန်က မီးဘေးအန္တရာယ်နှင့် ပတ်သက်၍မီးလောင်ရန် လိုအပ်သည့်အကြောင်းအရင်းများ၊ မီးလောင်ခြင်း အမျိုးအစားများ၊ မီးအမျိုးအစားအလိုက် ငြိှမ်းသတ်နည်းစနစ်များ၊ မီးလောင်မှုများ ဖြစ်ပေါ်ပါက ဆက်သွယ်ရမည့် နည်းလမ်းများနှင့် မီးလောင်ပြင်တွင် အသက်အန္တရာယ် မဆုံးရှုံးစေရန် သတိထားလိုက်နာသင့်သည့် အကြောင်းအရာများအား စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက်အအေးခန်းစက်ရုံနှင့် ပစ္စည်းသိုလှောင် ဂိုထောင်များရှိ တာဝန်ရှိသူများအား မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လက်တွေ့ မီးငြှိမ်းသတ်မှုများကို သရုပ်ပြသရာ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းများ၊ ဂတ်(စ်) မီးလောင်မှုအားငြိမ်းသတ်ခြင်းစသည်တို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ပေးခဲ့သည်။
အဆိုပါမီးဘေးအန္တရာယ်အသိပညာပေးဆွေးနွေးခြင်းနှင့် မီးငြှိမ်းသတ်မှု စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)