မောက်မယ်မြို့နယ်တွင် လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံနေအိမ်ဆောက်လုပ်ပြီးစီး၍ အပ်နှံခြင်း

မောက်မယ် မတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်း ဦးဆောင်သော ကွန်ကျိုင်းရပ်ကွက် လူငယ်ပရဟိတပန်းရံ/ လက်သမားအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ ပူးပေါင်းပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှုကို ကွန်ကျိုင်းရပ်ကွက်ရှိ ဦးဝင်း၏ နေအိမ်အားဆောက်လုပ်ပြီးစီး၍ ယနေ့နံနက်၁၀နာရီခွဲတွင် လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံတစ်ထပ်တိုက် နေအိမ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတို့က အပ်နှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းတန်ဖိုး ကျပ်(၄)သောင်း၊ အနယ်နယ် အရပ်ရပ်မှလှူဒါန်းထားသည့် သက်ကြီးဘိုးဘွားနေအိမ်များဆောက်လုပ်လှူဒါန်းခြင်းရန်ပုံငွေမှမတည် ငွေကျပ်(၃)သိန်း၊ လင်းခေးမြို့ရပ်မိရပ်ဖများမှဘိလပ်မြေ(၁၀)အိတ်၊ ကျွန်းတံခါးချပ်ကြီးနှစ်ချပ်တွဲ (၁)စုံ(ကျည်းဘောင်အပါ)၊ ပြူတင်းတံခါးနှစ်ချပ်တွဲ(၁)စုံ(ကျည်းဘောင်အပါ)  အလျား ၁၅ ပေ၊ အနံ ၁၂ ပေ၊ အမြင့်၁၁ပေရှိ လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံတစ်ထပ်တိုက်ကို ကွန်ကျိုင်းရပ်ကွက် လူငယ်ပရဟိတပန်းရံ/လက်သမားအသင်း လုပ်အားဒါနဖြင့်လည်းကောင်း ထပ်မံလိုအပ်သည့် အိမ်ဆောက်ပစ္စည်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများတို့က စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ကွန်ကျိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြင့်ထံမှ သိရသည်။

ဆက်လက်ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများတို့က ရပ်ကွက်အတွင်းအသံချဲ့စက်ဖြင့် မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် လေပြင်းဘေးအသိပညာပေးနိုးဆော်ပြီး မတ်လ ၈ ရက်နေ့တွင် ကုန်းလမ်းရပ်ကွက်ရှိ စံနမူနာပြလေပြင်းဘေးဒဏ်ခံအိမ်(၁)လုံးအား ထပ်မံဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းထံမှသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)