ဇေယျာသီရိ မတ် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ပန်းကြယ်သီးထိုးနည်းနှင့် ပန်းပွင့်ပြုလုပ်နည်း(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က လူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပန်းကြယ်သီးထိုးနည်း(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သင်တန်းတွင် သင်တန်းနည်းပြဆရာမ ဒီဇိုင်နာချယ်ရီက ကြိုးချုပ်နည်း၊ ပုစဉ်းခေါင်းသီး၊ စပယ်ပန်းပုံ၊ ထပ်တရာပန်းပုံ၊ နှာမောင်းပုံ၊ လိပ်ပြာပုံ၊ ခရုခွေပုံ၊ စင်္ကြာပန်းပုံ၊ ပန်းခက်အနွယ်ပုံ စသည့် ပန်းကြယ်သီးထိုးနည်းများကို စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။
အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အနီးရှိ ကျေးရွာများမှ ကျောင်းသား/သူ လူငယ် ၃၀ ဦး တက်ရောက်ခဲ့ပြီး မတ်လ ၇ ရက်နေ့ မှ ၉ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ၄ နာရီထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)