ဒလမြို့နယ်တွင်  အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒလ မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီး ဌာနမှကြီးမှူး၍ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်(၃)နာရီ အချိန်က ကမာကဆစ်ရပ်ကွက်ရှိ အလယ်ကျောင်း ပရိယတ္တစာသင်တိုက်၌ ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ အလယ်ကျောင်း ပရိယတ္တိစာသင်တိုကစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဣန္ဒကသာရာဘိဝံသ (အဂ္ဂမဟာ ဂန္ထဝာစက ပဏ္ဍိတ မြို့နယ်သံဃာနာယကဥက္ကဋ္ဌ)မှ သြဝါဒစကား ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက တက်ရောက်လာသော ကျောင်းသား ကျောင်းသူလေးများအား လူတော်၊ လူကောင်းလေးများဖြစ်အောင်ကြိုးစားရန်၊ လူအများကို ကူညီကယ်တင်ရန်၊ စိတ်ထားကောင်း လေးများ ထားကြရန် အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းဆရာမတစ်ဦးက ယဉ်ကျေးလိမ္မာသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဗုဒ္ဓ သာသနံစိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါသင်တန်းတွင် မင်္ဂလာဗျူဟာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း စာအုပ်ထဲမှ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ခွဲ၍ သင်ခန်းစာများကို  Grade-2မှ Grade-8အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၈)ဦးတို့ကို သင်တန်းကာလ(၂)ပတ်ဖြင့် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြင့်ဇော်(ပြန်/ ဆက်)