သာစည် မတ် ၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့် အရပ်ရပ်အခွင့်အရေး လိုင်စင်များကို ယမန်နေ့ နံနက် ၁၀ နာရီက အိတ်ဖွင့်လေလံစနစ်ဖြင့် သာစည်မြို့နယ်ခန်းမ၌ လေလံရောင်းချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားပြီး လေလံရောင်းချရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းသီဟအောင်က လေလံစည်းကမ်းဆိုင်ရာများကို ရှင်းလင်းသည်။ ဆက်လက်ပြီး လိုင်စင်စီများက လိုင်စင်စည်းကမ်းချက်များနှင့် အိတ်ဖွင့်လေလံရောင်းချခြင်းတို့နှင့် ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်းရာ အမှုဆောင်အရာရှိက ပြန်လည်ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းလုပ်ကိုင်ခွင့်အရပ်ရပ်အခွင့်အရေးလိုင်စင် ၁၀၇ ခုတို့ကို အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချကြောင်း သိရသည်။ အဆိုပါ အရပ်ရပ်အခွင့်အရေးလိုင်စင်များတွင် သားသတ်လိုင်စင် ၈၂ ခု၊ အပေါင်ဆိုင်လိုင်စင် ၁၁ ခု ဈေးကောက်လိုင်စင် ၈ ခု၊ စက်ဘီးအပ်နှံခကောက်ခံခွင့်လိုင်စင် ၄ ခု၊ နွားပွဲဈေးကောက်လိုင်စင် ၁ ခုနှင့် မြို့မဈေး ရေလောင်းအိမ်သာကောက်ခံခွင့်လိုင်စင် ၁ ခုတို့ဖြစ်ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ယခင်နှစ်များက အရပ်ရပ်အခွင့်အရေး လိုင်စင်များကို သက်တမ်းတိုးခြင်းဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် အိတ်ဖွင့်လေလံ စနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။
မြို့နယ် (ပြန်/ဆက်)