ပုသိမ်ကြီး မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ ရွှေစာရံဘုရားကြီးတွင် ယခုနှစ် ၇၅ ကြိမ်မြောက် စိန်ရတုအထိမ်းအမှတ် သစ္စာအဓိဋ္ဌာန် ရွှေစာရံဘုရားကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကာလဖြစ်သည့်အတွက် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုကြ၍ အထူးစည်ကားလျက်ရှိသည်။
ရွှေစာရံစေတီတော်၏ အလင်္ကာအရ အရှေ့ရွှေစာရံ၊ ပုဂံ အနောက်၊ တောင်မြောက် ရင်မျှော် သီဟတော ဆိုပြီး မော်ကွန်းတင်ကာ၊ ကျော်လေးဆူ စာရင်းဝင်ထားတဲ့ စေတီတော်ကြီးပင် ဖြစ်ပါသည်။ မြွေကိုက်ခံရသူ ဘုရားရောက်ရင် မြွေဆိပ်ပြေခြင်း၊ ဆွမ်းဦးတင်မည့်သူ အမြဲရှိခြင်း၊ ဆုတောင်းပြည့်ခြင်း စသည့် အံ့ဩဖွယ်ရာများဖြင့် ပြည့်စုံသောကြောင့် ထင်ရှားကျော်ကြားလျက်ရှိသည်။
ဘုရားဖူးလာရောက်သူများ အနေဖြင့် လည်ပတ်စရာ ဈေးတန်းများအပြင်၊ ဒုဋ္ဌဝတီမြစ်တွင် ရေကစားခြင်း၊ အပျော်စီး စက်လှေစီးခြင်းတို့ကို ပြုလုပ်နိုင်ပြီး၊ ဈေးတန်းတွင်လည်း ဗမာမုန့်အမျိုးမျိုး၊ ရှမ်းပြည်ဒေသထွက် ကုန်များဖြစ်သည့် ဆေးဖက်ဝင်ပစ္စည်းများနှင့် ဒေသအစားအစာများပါ ရောင်းချလျက်ရှိသည်။ ရွှေစာရံလို့ ပြောလိုက်ယုံဖြင့် မပါမဖြစ် ထန်းရွက်ပုတီး၊ ထန်းလက်ငါး၊ ဝါးဓား၊ ဝါးလက်ခုတ်၊ ခမောက်၊ အလှလွယ်ပလိုင်း စသည့်လက်မှု ပစ္စည်းများအပြင် အမှတ်တရပစ္စည်းများကို ရောင်းချလျက်ရှိပြီး၊ ပွဲတော်ကာလတွင် ဇီဝိတဒါန ငါးလွတ်ခြင်း၊ ဖျော်ဖြေရေး အစီအစဉ် များလည်း ထည့်သွင်းထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)