ညောင်ဦး မတ် ၆
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာစာစစ်ဌာနကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် မြို့နယ်မီးသတ်တာဝန်ရှိသူများအဖွဲ့က ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာစာစစ်ဌာနကျောင်းများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း (ညွှန်ကြားရေးမှူး) လမ်းညွှန်ချက်နှင့်အညီ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သောမီး သတ်တပ်ဖွဲ့ဝင် များက တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်မီး ကြိုးများ ဝါယာရှော့မဖြစ်စေရေးအပါအဝင် ကျောင်းတွင်းကျောင်းပြင်သန့်ရှင်း ရေးနှင့် မီးလောင်/မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် အထူးဂရုပြုဆောင်ရွက်ရမည့် မီးဘေး လုံခြုံရေး အစီအမံများကို သက်ဆိုင်ရာကျောင်းတာဝန်ခံများအား အကြံပြုဆွေးနွေးပြောကြားပြီး အဆိုပါကျောင်းများ၌ မီးချိတ်၊မီကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ စနစ်တကျဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေနှင့် တပ်ဆင်အသုံးပြုလျက်ရှိသော မီးကြိုးများ၊ မီးခလုတ်များ၊ မိန်းပလပ်ခုံများ၊ လုံခြုံစိတ်ချကောင်းမွန်မှု ရှိ/မရှိ အခြအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာဖြေစင်တာများဖြစ်သည့် ညောင်ဦးအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ၁၁၂ ဦး၊ ကျောင်းသူ ၁၆၇ ဦး၊ ငါ့သရောက် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား ၂၀ ဦး၊ ကျောင်းသူ ၄၇ ဦး၊ ပုဂံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ၅၂ ဦး၊ ကျောင်းသူ ၇၂ ဦး၊ တောင်ဇင်းအခြေခံပညာအထက်တန်းကျောင်တွင် ကျောင်းသား ၄၅ ဦး၊ ကျောင်းသူ ၈၀ ဦး တက္ကသိုလ်ဝင်တန်းဖြေဆိုမည်ဖြစ်ကြောင်း၊ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးကျော်မင်းသူ ဦးဆောင်သော မီးသတ်ဝန်ထမ်းများမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း