မိတ္ထီလာမြို့နယ်တွင် ဆည်ရေ ကန်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများ စတင်ပျိုးထောင်

မိတ္ထီလာ မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ဆည်ရေ ကန်ရေ သောက်စနစ်ဖြင့် နွေစပါး စိုက်ပျိုးမည့် တောင်သူများ နွေစပါးများ စတင်ပျိုးထောင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဝမ်းစာဖူလုံရေးအတွက် ဆည်ရေ ကန်ရေများဖြင့် နှစ်စဉ် မိုးစပါးများနှင့် နွေစပါးများကို စိုက်ပျိုးလျက်ရှိရာမှ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာကန်၊ မုန်တိုင်ဆည်၊ ချောင်းကောက်ဆည်၊ ညောင်ကုန်းတမံ၊ လက်ခုပ်ပင်တမံနှင့် ရှမ်းမငယ်ဆည်ရေတို့ဖြင့် ထမုန်ကန်၊ ခင်လူး၊ ကံကြီး၊ ကွက်ငယ်၊ လျော်ဖြူကန်၊ ရှမ်းတဲ၊ မကျီးစု၊ ဇောင်ချမ်းကုန်း၊ ကဖြူ၊ ညောင်ကန်၊ ကျောင်းရွာ၊ ကုက္ကိုကုန်း၊ မုန်တိုင်၊ သီးကုန်း၊ ရှမ်းမငယ်ကျေးရွာအုပ်စုများတွင် နွေစပါးစိုက်ဧက ၉၃၀ စိုက်ပျိုးသွားမည်ဖြစ်ရာ ၎င်းဆည်ကန်တမံများဖြင့် နွေစပါး စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်၍ လွှတ်ပေးလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

နွေစပါးစိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးခြင်းစနစ်၊ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းစနစ်တို့ဖြင့် စိုက်ပျိုးလျက်ရှိရာ ပျိုးထောင်စိုက်ပျိုးသည့် တောင်သူများမှာ ပျိုးထောင်ခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နွေစပါးစိုက်ဧက ၉၃၀ စိုက်ပျိုးသွားမည့် ကျေးရွာအုပ်စု ၁၅ အုပ်စုများမှ နွေစပါးစိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက စပါးတစ်ဧက အထွက်နှုန်းတိုးတက်စေရေးတို့အတွက် တောင်သူနည်းပညာပေး ဆွေးနွေးခြင်းများ၊လက်တွေ့ ဆောင်ရွက်ပြသခြင်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)