သံတောင်ကြီးဒေသတွင် နနွင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီးဈေးကောင်းရရှိ

သံတောင်ကြီး မတ် ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံ ပြည်သူ များမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက် ၊ ဒူးရင်း ၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ် ပိုင်းတွင် အဆိုပါနှစ်ရှည်ပင်များအပြင် နနွင်းကိုလည်းအဓိက စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြောင်း သိရသည်။

လွန်ခဲ့တဲ့နှစ်ကစပြီး နနွင်းကိုစိုက်ပျိုးလုပ်ကိုင်ခဲ့တယ် နှစ်ရှည်ပင်ကိုပဲ အားကိုးလို့မရတော့ဘူး၊ ဘာကြောင့်လဲဆိုရင် နှစ်ရှည်ပင်တွေက အသီးသီးချင်တဲ့အချိန်သီးတယ်  တခါတလေဈေးကောင်းရ  တယ် တစ်ခါတလေ ဈေးကောင်းမရဘူး ဒါကြောင့်လွန်ခဲ့တဲ့နှစ်ကစပြီး နနွင်းကိုစတင် စိုက်ပျိုး လုပ်ကိုင်ခဲ့ပြီး နနွင်းအခြောက် တစ်ပိဿာကျပ် (၆၀၀၀) အထိရတဲ့အတွက် စားဝတ်နေရေး အဆင်ပြေစေခဲ့ပါတယ်ဟုစိုက်ပျိုးလုပ်ကိုင်သူတောင်သူ ဦးစောအားစီက ပြောကြားခဲ့သည်။

နနွင်းကိုတူးပြီး ရေးဆေးပေးခြင်း၊ နူးအောင်ပြုတ်ကာနေပူလှန်းခြင်းတို့ကို ဆောင်ရွက်ပြီးရရှိလာသည့် နနွင်းများကို အရောင်တက်လာစေရန် ဇကာများဖြင့် နေလှန်းပြီး တောင်ငူမြို့ရှိ အဝယ်ဒိုင်များထံသို့ သွားရောက်ရောင်းချပြီး ယခုနှစ်တွင် နနွင်းအခြောက်တစ်ပိဿကျပ် (၆၀၀၀) အထိရရှိကြောင်း သိရ သည်။

နော်နော်မူ