ဝမ်းတွင်း မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသမှုကို ယမန်နေ့မွန်းလွဲပိုင်းက စက်မှုရပ်ကွက်ရှိ ဖိုးပြုံးချို ကုမ္မဏီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်မီးသတ်ဦးစီးဌာနအဖြင့် ပွင့်လင်းရာသီတွင် မီးလောင်မှု၊ မီးလန့်မဖြစ်ပွားစေရန် မီးသတ်ဦးစီးမှူး ဦးစိုးထွန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များက စက်မှုရပ်ကွက်ရှိ ဖိုးပြုံးချိုကုမ္ပဏီတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး မီးလန့်မှု များဖြစ်ပေါ်လာပါက ကြိုတင်မီးငြှိမ်းသတ်နိုင်စေရန် မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းနှင့် စခန်းတာဝန်ခံအရာရှိများ၊ တပ်ဖွဲ့ဝင်များ၊ ကုမ္ပဏီမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲမျိုးသက်