မြစ်သား မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန် စာစစ်ဌာနများ မီးဘေးလုံခြုံရေး ပြင်ဆင်ထားရှိမှု လိုအပ်ချက်မရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်း က မြစ်သားမြို့နယ်အတွင်းရှိ စာစ်ဌာန (၄) ခုသို့ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မင်းကျော်၏ ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက စာစစ်ဌာနများ၌ မီးသတ်ဆေးဘူး ထားရှိမှုများ၊ မီးချိတ်မီးကတ်၊ ရေ၊ သဲဆောင်ရွက်ထားရှိမှုများ၊ ရေကန်များ၌ ရေဖြည့်ထားရန်နှင့် ပေါက်ပြဲနေသော ဝါယာကြိုးများ အသုံးမပြုရန်တို့ကို ကြည့်ရှုစစ်ဆေးပြီး စာစစ်ဌာနများမှ တာဝန်ကျ ဆရာ၊ ဆရာမများအား မီးသတ်ဆေးဘူးများ စနစ်တကျ အသုံးပြုတတ်စေရန် လက်တွေ့ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် စာစစ်ဌာန (၄) ခုရှိကာ မြစ်သား (အ.ထ.က) စာစစ်ဌာန ၊ ကူမဲမြို့အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၊ ဒါးရဲကောင်းအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် ရွာခိုင်ကြီးအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၇၀) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရဲနိုင်ဦး(မြစ်သား)