သံတောင်ကြီး မတ် ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်းပေါက်ရောက်လျက်ရှိပြီး မိုးရာသီတွင် သဘာဝအတိုင်းပေါက်ရောက်သည့် မျှစ်များကို တစ်နှစ်တာပတ်လုံး စားသုံးနိုင်ရန် မျှစ်ချဉ်များ ပြုလုပ်ထားသိုလေ့ရှိသည်။
အဆိုပါမျှစ်ချဉ်များကို မျှစ်စိုများရှားပါးသည့် ဆောင်းရာသီနှင့်နွေရာသီတို့တွင် ထုပ်ပိုးရောင်းချလေ့ရှိပြီး ယခုကာလအတွင်း သံတောင်ကြီးဒေသတွက် မျှစ်ချဉ်များ ဝယ်လိုအားကောင်းလျက်ရှိကြောင်း မျှစ်ချဉ်ပြုလုပ် ရောင်းချသူများထံမှ သိရသည်။
မျှစ်များကို တစ်နှစ်တာလုံး တာရှည်ခံစားသုံးနိုင်စေရန် မျှစ်အစိုများကို အတုံးလိုက်လှီး၍သော်လည်းကောင်း၊ အလုံးလိုက်သော်လည်းကောင်း ပလတ်စတစ်အိတ်(သို့မဟုတ်)ခြင်းတောင်းများတွင် လေလုံအောင် ထားသိုရသည်။ မျှစ်ချဉ်ကို မိုးတွင်းမျှစ်ပေါ်ချိန်တွင် နှစ်ပတ်ခန့်သာထားပြီး ရောင်းချသော်လည်း မိုးအကုန် မျှစ်များရှားပါးချိန်တွင် သိုလှောင်ထားကာ ယခုကဲ့သို့ မတ်လခန့်တွင် သိုလှောင်ထားသည့် မျှစ်ချဉ်များကို ထုပ်ပိုးရောင်းချပါက ဈေးကောင်းပိုရလေ့ရှိသည်။ သံတောင်ကြီးဒေသထွက်မျှစ်ချဉ်များမှာ သဘာဝအတိုင်းပြုလုပ်ထားခြင်းဖြစ်ပြီး ဝယ်လိုအားမြင့်တက်လျက်ရှိသည်။
မျှစ်ချဉ်များကို ကရင်ရိုးရာတာဟဲဖိုး၊ တာလပေါဟင်းများချက်ပြုတ်ရာတွင်အဓိက အသုံးပြုသည်သာမက အခြားအသားဟင်းများနှင့် ရောနှောချက်ပြုတ်လျှင်လည်း အရသာကောင်းမွန်သည့်အတွက် သံတောင်ကြီးမြို့ ပေါ်တွင်သာမက တောင်ငူမြို့၊ ရန်ကုန်မြို့နှင့် အခြားနေရာဒေသများကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မျှစ်ချဉ် တစ်ပိဿာကို ကျပ် ၃၀၀၀ မှ ၄၀၀၀ အထိ ရရှိကြောင်း မျှစ်ချဉ်ပြုလုပ် ရောင်းချသူများထံမှ သိရသည်။
နော်နော်မူ