ဗန်းမော်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဗန်းမော် မတ် ၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ညောင်ပင်ရပ်ကွက်ရှိ ‌ရောဘတ်စစ်ရှောင်စခန်း ခန်းမဆောင်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ဗန်းမော်မြို့)၏ ကြီးကြပ်မှုဖြင့် ရောဘတ်စစ်ရှောင်စခန်းမှ (၅)မိုင် စီအင်ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်ကြမည့် နေရပ်စွန့်ခွာစစ်ဘေးရှောင်အိမ်ထောင်စုများမှ မိသားစုဝင်များအတွက် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရှိရသည်။

‌ရှေးဦးစွာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသူများအား ဒေသထွက်ကုန်များကို တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ် ထုတ်လုပ်နိုင်စေရန် လိမ္မော်သီးဖျော်ရည်၊ ချဉ်စော်ကားသီးဖျော်ရည်၊ ချဉ်စော်ကားသီးဝိုင်၊ စပျစ်ဝိုင်၊ ခရမ်းချဉ်သီးဆော့လ်၊ အာလူးကြော်၊ ကြက်ဥမြေပဲပွကြော်၊ သင်္ဘောသီးချဉ်စပ်ယို၊ စနွင်းမကင်း၊ ငှက်ပျောပူတင်း၊ မန်ကျည်းသီးဖျော်ရည်၊ မြေပဲယိုစသည့် စားသောက်ကုန်များ ထုတ်လုပ်သည့်နည်းပညာများ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်းနှင့် သင်တန်းသူများအနေဖြင့် ယခုပို့ချမည့် စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်းမှာ ပင်ပန်းမည် ဖြစ်ပါ၍ စိတ်ရှည်ရှည်နှင့် သင်ယူရန် လိုအပ်ပါကြောင်း၊ အချိန်ကိုရင်းနှီးရသည့်အတွက် သင်တန်း ကာလအတွင်း ပျက်ကွက်ခြင်းမရှိဘဲ သင်ကြားပို့ချသည့်နည်းပညာများကို တတ်မြောက်သည်အထိ စိတ်ပါဝင်စားစွာ ဂရုတစိုက်သင်ယူကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို နေရပ်စွန့်ခွာ စစ်ဘေးရှောင်မိသားစုများ တစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်များ ဆောင်ရွက်နိုင်စေရန်နှင့် မိသားစုအတွက် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြှင့် စားသောက်ကုန်များ ထုတ်လုပ်စားသုံးနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး မတ်လ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ  သင်တန်းသူ စုစုပေါင်း(၂၀)ဦး တက်ရောက် မည်ဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်