စဉ့်ကူးမြို့ရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

စဉ့်ကူး   မတ်  ၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်၊ စဉ့်ကူးမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးချမ်းပြည့်ကျော်နှင့် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများတွင် အရေးပေါ်မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များနှင့် လှေကားများအား ညွှန်ကြားချက်နှင့်အညီ ထားရှိခြင်းရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုးများသွယ်တန်းမှု စနစ်တကျရှိရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျ သုံးစွဲတတ်စေရေး၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေသိုလှောင်ကန်များ ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို အကြံပြုဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါ ရုံးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ် ဖြစ်ပွားပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးဘေးအန္တရာယ် ဖြစ်ပွားပြီးပါက ဆောင်ရွက်ရမည့် နည်းလမ်းများအား မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက် နိုင်ကြစေရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးဆိုင်ရာများအား အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)