နမ္မတူ မတ် ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကို မတ်လ(၆)ရက်နေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ကျောက်မဲခရိုင်ရုံးမှ ဦးစီးမှူး ဒေါ်အိအိနွယ်က ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ်အခွင့်ရေးများဆိုရာ အမျိုးသားကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများ၊ ကလေးသူများအား ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းစသည့် ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်းပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသိပညာပေး ဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)