၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်

နေပြည်တော် မတ် ၆

နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ၊  ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက်၊ ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပူဇော်ခံတော်မှုကြမည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင်နှင့် ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ကြီးထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်တို့က ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အဖွဲ့ဝင်ဆရာတော်၊ တပ်ကုန်းမြို့နယ် ငွေတောင်တောရ ပရိယတ္တိစာသင်တိုက် တိုက်အုပ်စာချနာယက ဘဒ္ဒန္တကောဏ္ဍည ဆရာတော်ထံမှ သမ္မောဒနီယဩဝါဒကထာကို ချီးမြှင့်တော်မှုပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင်နှင့် ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင်က မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အဖွဲ့ဝင်ဆရာတော်၊ တပ်ကုန်းမြို့နယ် ငွေတောင်တောရ ပရိယတ္တိစာသင်တိုက် တိုက်အုပ်စာချနာယက ဆရာတော် ဘဒ္ဒန္တကောဏ္ဍည၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဒက္ခိဏသီရိမြို့နယ် သဒ္ဓမ္မဝေပုလ္လစာသင်တိုက် ဆရာတော်ဘဒ္ဒန္တစာရိတ္တနှင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ညောင်ကုန်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတတို့ထံ ဘွဲ့တံဆိပ်တော်များ  ဆက်ကပ်ပူဇော်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနစရိယ၊ ဂန္တဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ၊ ကမ္မဋ္ဌာနစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ပူဇော်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီးဒေါ်မေမြင့်မောင်က မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးတစ်ပါး၊ ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးနှစ်ပါတို့အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်ရ ဒေါ်မြင့်မြင့်အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။

ထို့နောက် နေပြည်တော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်ထံမှ ဧည့်ပရိသတ်တို့က အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားတွင် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်နှစ်ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ရှစ်ပါး၊ မဟာကမ္မဋ္ဌာနစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်တစ်ပါး၊ ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်လေးပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်နှစ်ပါး၊ ကမ္မဋ္ဌာနစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်နှစ်ပါး၊ မဟာဂန္တဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးတစ်ပါး၊ ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးနှစ်ပါး၊ သီဟသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်အမျိုးသမီးတစ်ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို နေပြည်တော်ကောင်စီမှကြီးမှူး၍ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)