ဒဂုံအရှေ့ မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား မီးလောင်၊ မီးလန့်မှုမရှိစေရေးနှင့် အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည် စာစစ်ဌာနအနီးရပ်ကွက်တို့၌ ယမန်နေ့ညနေပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်ဆော်ဩခဲ့သည်။
ထိုသို့ လှည့်လည်ဆော်သြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်ဝေထိုက် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိနေအိမ်များ၊ ဈေးဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်၊ ဈေးဆိုင်ပတ်ဝန်းကျင်ရှိ လောင်စာ အမှိုက်များ ရှင်းလင်းထားရန်၊ ခွင့်ပြုချက်မရှိပဲ လောင်စာဆီ သိုလှောင်ခြင်း ရောင်းချခြင်း မပြုရန်၊ မီးလောင်ကျွမ်းမှု မီးလန့်မှုများ မဖြစ်ပေါ်စေရန် မီးဘေးလုံခြုံရေးအတွက် ရေပုံး၊ သဲပုံး၊ မီးချိတ်မီးကတ်၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုရန်၊ ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက မီးဖိုချောင် အတွင်းရှိ မီးကြွင်းမီးကျန်များအား စနစ်တကျ စွန့်ပစ်အသုံးပြုရေး၊ ဈေးဆိုင်တွင် လူမရှိသည့်အခါ လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားရန်၊ မီးလောင်၊ မီးလန့်မှုဖြစ်ပေါ်ခဲ့ပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ မှတ်သားထားရှိရန် လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ ဆက်)